သုတေသန

Inya institute မှ သမိုင်း၊ ဘာသာရေး၊ အနုပညာသမိုင်း၊ ဘာသာဗေဒ၊ မနုဿ ဗေဒ၊ ရှေးဟောင်းသုတေ သန၊ ဗိသုကာ၊ ဂီတသုခုမ၊ လူမှုဗေဒနှင့် ပထဝီ၊ လူမျိုးစုဗေဒ အစရှိသော နယ် ပယ်များတွင် ကိုယ်ပိုင်ဟန်ဖြင့် ထူးထူးခြားခြား သုတေသန ပြုလုပ်နိုင်သည့် သုတေသီများအား အထောက်အပံ့ပေးရန်လည်း ရည်ရွယ်ပါသည်။ ၎င်း သုတေ သနလုပ်ငန်းများအား ထောက်ပံ့ရာတွင် Inya Institute တွင် ယခင် သင်တန်းတက်ရောက်ဖူးသော သင်တန်းသားဟောင်းများ၏ ပူးပေါင်းပါဝင်မှုကို လှိုက်လှဲစွာ လက်ခံကြိုဆိုပါသည်။

ဆောင်ရွက်လျက်ရှိသော အစီအစဥ်များ

မှတ်တမ်းတင်ခြင်း၊ digital နည်းပညာဖြင့်မှတ်တမ်းများအား ထိန်းသိမ်းခြင်းနှင့် ရှမ်းပလောင်ဗုဒ္ဓအမွေအနှစ်များကို ထိန်းသိမ်းခြင်း

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းများအတွက် သုတေသနနှင့်ထိန်းသိမ်းမှုများကို ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ကာ ယခုအချိန်ထိ ဆောင်ရွက်လျက်ရှိပါ သည်။ ယင်းစီမံကိန်းကို Gerda Henkel ဖောင်ဒေးရှင်းမှအထောက်အပံ့ ပေးလျက်ရှိပြီး သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ ဦးဆောင်ပါသည်။ ၄င်းလုပ်ငန်းသည် မော်ကွန်းတင်ခြင်း၊ ကွင်းဆင်းသုတေသနပြုလုပ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ digital နည်းပညာဖြင့်မှတ်တမ်းများအား ထိန်းသိမ်းခြင်း အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ အခြားနေရာများမှ ရှေးဟောင်းမှတ်တမ်းများကို လက် တွေ့ကွင်းဆင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်းရန်ခက်ခဲသော ပစ္စည်းများကို ပုံစံတူပြုလုပ်ခြင်း နည်းလမ်းများ အသုံးပြု လုပ်ဆောင်လျက် ရှိပါသည်။ ဝေးလံတဲ့နေရာများရှိ ရှမ်း-ပလောင် ရှေးဟောင်းအမွေအနှစ်မှတ်တမ်းများ၊ ပျက်စီးလုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ရလုနီး ဖြစ်လျက်ရှိတဲ့ ယဥ်ကျေးမှု အမွေအနှစ်များ (မှောင်ခိုရောင်းချခြင်း၊ သောင်းကျန်းသူများ၊ ဘုန်းကြီးကျောင်း များ၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါ၀င်နေမှုများ) ထိန်းသိမ်းမှုကိုပါ ပြုလုပ်လျက် ရှိပါသည်။

ယခုစီမံကိန်းမှ ပေါ်ထွန်းလာမည့်ရလဒ်များမှာ:

  • သုတေသနဆိုင်ရာ စိတ်ဝင်စားမှုရှိသော မြန်မာနိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အသုံးပြုသူများ အလွယ်တကူ ကြည့်ရှုလေ့လာရန် လက်လှမ်းမှီနိုင်သည့်၊ ဘုန်းကြီးကျောင်းများ၌ ထိန်းသိမ်းထားသော အရာဝတ္ထုများ နှင့် လက်ရေးမူများအား မှတ်တမ်းတင် ပြသထားသည့်ဒစ်ဂျစ်တယ် စုဆောင်းမှုတစ်ခု (ယခု လက်ရှိတွင် Krieble-Delmas Foundation ၏ ထောက်ပံ့ငွေဖြင့် ဤစုဆောင်းမှုအား လုပ်ဆောင်လျက်ရှိပါသည်။)
  • ရန်ကုန်၊ မန္တလေး၊ သီပေါ၊ အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ်ရှိ Northern Illinois University ရှိ Founders Memorial Library နှင့် California ပြည်နယ်ရှိ University of California Berkeleyမှ Doe Library ၌ကျင်းပပြုလုပ်မည်ဖြစ်သော သုတေသနမှ ရှာဖွေတွေ့ရှိချက်များအား လြှည့်လည်ပြသမည်ဖြစ်သည်။
    သီပေါ်တွင်လုပ်ဆောင်နေသော ယခုစီမံကိန်းသည် နောင်တွင် ကျိုင်းတုံနှင့် ညောင်ရွှေသို့တိုင်အောင် တိုးချဲ.မည့် ပိုမိုကြီးမားသော သုတေသနလုပ်ငန်းအတွက် ပထမခြေလှမ်းဖြစ်သည်။

လုပ်ဆောင်ခဲ့ပြီးသောသုတေသနလုပ်ငန်းစဉ်များ

ကျွန်းသားကျောင်းများဆင့်ကဲဖွံ့ဖြိုးလာပုံနှင့် အနုလက်ရာ မန္တလေးမှ လက်သမားဆရာနှင့် ပန်းပုဆရာများအကြောင်းလူမှုဓလေ့ဆိုင်ရာစစ်တမ်း

မန္တလေးရှိလက်သမားဆရာနှင့် ပန်းပုပညာရှင်များအကြောင်းကို လူမှုဓလေ့ စစ်တမ်းတစ်စောင် ပြုစုရေးသားရန် နိုင်ငံတကာ သစ်ယဉ်ကျေးမှုအဖွဲ့အစည်း (International Wood Culture Society- IWCS) မှ Inya Institute အားထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခဲ့ပါသည်။ တစ်နှစ်ကြာစစ်တမ်းသည် အကြီးတန်း အကြံပေးတစ်ဦး၏ ညွှန်ကြားချက်အောက်တွင် မန္တလေးအခြေစိုက် အငယ်တန်း သုတေသီတစ်ဦးမှ အစီအစဉ်ဆွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွေ့ရှိချက်များအား ၂၀၁၅ ခုနှစ် မတ်လ ၂၇-၂၉ ရက်နေ့တွင် တူရကီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သောတတိယမြောက် IWCS ညီလာခံတွင် တင်ပြဆွေးနွေးခဲ့ပါသည်။

မြန်မာ့ရိုးရာပန်းဆယ်မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သောပန်းပုပညာရပ်သည် တစ်ဆယ့်ကိုးရာစုနှစ်နှင့် နှစ်ဆယ်ရာစုဦး နှစ်သုံးဆယ်အတွင်းတိုးတက်ထွန်း ကားလာသည့် အလွန်တရာ လက်ရာပြောင်မြောက်လှသော အနုပညာရပ်တစ်ခုဖြစ်သည်။ မန္တလေးသည် ယခင်မင်းနေပြည်တော်ဖြစ်ပြီး နတ်တို့ဖန်ဆင်းထားသည့်အလားနေ့ချင်းညချင်းထူထောင်ခဲ့သည့် မြို့ဖြစ်သည်။ ငွေကုန်ကြေးကျများသည့် ဘုရားတည်ကျောင်းဆောက်သည့် လုပ်ငန်းများကို ဘုရင့်ဘဏ္ဍာတော်ဖြင့် ထောက်ပံ့ခဲ့သည့်အတွက် လက်မှုပညာသည်အစုများမှာ အကျိုး ကျေးဇူးခံစားခဲ့ရသည်။ ၎င်းပညာရှင်များအနက် ပန်းပုနှင့် လက်သမားဆရာများမှာ နန်းတော်နှင့် မြောက်မြားလှစွာသော ဘုန်းကြီးကျောင်းများ အပါအ၀င် သစ်ထည်အဆောက်အဦးများ ဆောက်လုပ်ရေးနှင့် အပြောက်အမွှမ်းဆင်သည့်

အပိုင်းတွင် ဦးစီးဦးရွက်ပြုကြရသည်။ [သို့သော်လည်း] မန္တလေးမြို့တည်အပြီးအနှစ်တစ်ရာ့ငါးဆယ်တွင် ယင်းပညာရှင် အစုနှစ်ရပ်စလုံးမှာ ယခင်နှင့် အလွန် တရာကွာခြားသည့် လူမှုစီးပွားရေး အခြေအနေတစ်ရပ်ကိုရင်ဆိုင် နေကြရသည်။

သုတေသန လုပ်ငန်းစဉ်အရ ယင်းအစုနှစ်ရပ်၏ လူမှုစီးပွားရေး အဆင့်အတန်းကို စစ်တမ်းကောက်ယူသည်။ ၎င်းတို့ ရင်ဆိုင်နေရ သည့် အခက်အခဲများကို ဖော်ထုတ်ပြီး အဆိုပါ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို စူးစမ်းသည်။ ထို့အပြင် ၎င်းအစုနှစ်ရပ် မည်သို့မည်ပုံ ဖွဲ့စည်းဖြစ်တည်နေပုံနှင့် ၎င်းတို့ ချိတ်ဆက်မှု ကွန်ယက်သည် ဒေသစီးပွားရေး၏ မည်သို့သော အစိတ် အပိုင်းဖြစ်ပုံကို လေ့လာသည်။ သစ်သားပန်းပုထုလုပ်ပုံနှင့် သစ်သားအဆောက် အအုံ တည်ဆောက်ရေး နည်းလမ်းများအပြင် သစ်သားရေရှည်ထိန်းသိမ်းရေးကိုပါ စုံစုံစေ့စေ့ သိမြင်စေမည့် သင်ခန်းစာတစ်ရပ်ကို ပန်းပုပညာရှင်ဖြစ်လာရန် အလားအလာရှိသည့် လူငယ်များအား သင်ကြားပေးရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပါ တလက်စတည်း တိုင်းတာနိုင်မည်ဖြစ်သည်။

အဆိုပါ သုတေသနလုပ်ငန်းစဉ်အား လတ်တလော ရွှေနန်းတော်ကျောင်း (ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး စာမျက်နှာတွင် ကြည့်ပါ) တွင် လုပ်ဆောင်နေသည့် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းမှ ၎င်း၏တစိတ်တဒေသ (သို့မဟုတ် သီးသန့်) အဖြစ် လုပ်ဆောင်ရန် တောင်းဆိုချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းစဉ်သည် လက်ရှိရွှေနန်းတော်ကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျှက်ရှိသော လက်သမားဆရာနှင့် ပန်းပုဆရာများ ရွေးချယ်ဖော်ထုတ်ပေးရာတွင် အလွန် တရာ အသုံးဝင်ခဲ့သည်။ အခြားစုံစမ်းမေးမြန်းလိုသည်များရှိပါက ကျွနိုပ်တို့အား contact@inyainstitute.org မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။