ရည်ရွယ်ချက်နှင့်ဖွဲ့စည်းပုံ

Inya Instituteသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လူမှုသိပ္ပံ ဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များနှင့် သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှု ဘာသာရပ်များ တိုးတက်ထွန်းကားလာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော အဆင့်မြင့် သိပ္ပံနည်းကျ လေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မိမိတို့ အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေး၊ဘာသာရေးနှင့် ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာအတွက် ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ မည်သည့် ဘွဲ့ ဒီဂရီမျှ ပေးအပ်ခြင်းများမပြုလုပ်ပါ။

ပြည်တွင်းလူငယ်သုတေသီများ၏ သုတေသနလုပ်ဆောင်နိုင်စွမ်း နှင့် အသိပညာများ တိုးပွား လာစေရန်၊ ပြည်တွင်း ပြည်ပသုတေသီများအကြား အသိပညာ ဖလှယ်နိုင်စေရန်နှင့် ပညာရှင်များအတွက် စစ်မှန်သော အသိပညာ ဆည်းပူးမှုတစ်ခု ဖန်တီးပေးနိုင်ရန် အဖွဲ့အနေနှင့် ရည်ရွယ်ပါသည်။ ထို့အပြင် နိုင်ငံ၏ ရှုထောင့်စုံလင်လှစွာသော ယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုး နှင့် ဘာသာစကားဆိုင်ရာအကြောင်းအရာအား အများပြည်သူလူထုအနေနှင့် ပိုမိုနားလည်လာစေရန်ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံ၌ အခြေစိုက်သော်လည်း Institute သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ အိန္ဒီယအရှေ့မြောက်ပိုင်းဒေသ (အထူးသဖြင့် နာဂ နှင့် မဏိပူရဒေသများ)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် တရုတ်နိုင်ငံ (အထူးသဖြင့် ယူနန်ဒေသ)တို့၌ အခြေစိုက်သော၊ Inya Institute နှင့် ရည်ရွယ်ချက် နှင့် ကတိကဝတ်များ အလားတူသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလွန်ပင် လိုလားပါသည်။

Inya Institute သည် Council of American Overseas Research Centers (CAORC) ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။

ဖွဲ့စည်းပုံ

ရန်ကုန်အခြေစိုက် မြန်မာနှင့်နိုင်ငံတကာ သုတေသနပညာရှင်များပါဝင်သောအုပ်စုတစ်စုမှ Inya Institute ၏နေ့စဉ်လုပ်ငန်းဆောင်တာများအား စီမံဆာင်ရွက်ပါသည်။ အဖွဲ့အနေနှင့် အလှူရှင်များ၊ ထောက်ပံ့ကူညီသူများနှင့် ပတ်သက်လာပါ က ပွင့်လင်းမြင်သာမှုအပြည့်အဝရှိပြီး ၊ ငွေကြေး ထောက်ပံ့ပေးသည့်အဖွဲ့အစည်းများသို့ အဆိုပြုချက် တင်သွင်းခြင်းများ၊၊ အလှူငွေများနှင့်ပတ်သက်ပြီး စာရင်းအင်းထုတ်ပြန်ခြင်းများ၊၊ နှစ်စဉ်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး နှစ်ချုပ်စာရင်းထုတ်ပြန်ခြင်းများနှင့် ပတ်သက်ရာ၌လည်း
အထူးတာဝန်ယူမှုအပြည့်အဝရှိပါသည်။

Inya Institute ၏လေ့ကျင့်သင်ကြားမှုများနှင့်သုတေသနလုပ်ငန်းစဉ်များ အပေါ် ကြီးကြပ်ရန်ပညာရေးဘုတ်အဖွဲ့တစ်ခုအား နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်တစ်ဆယ့်လေးယောက် (အမေရိကန်တက္ကသိုလ်များမှ ပညာရှင် ငါးဦး၊ ဂျပန်တက္ကသိုလ်များမှပညာရှင်သုံးဦး၊ ဩစတြေးလျတက္ကသိုလ်များမှ ပညာရှင် နှစ်ဦး၊ အင်္ဂလန်တက္ကသိုလ်မှ ပညာရှင်တစ်ဦး၊ ပြင်သစ်တက္ကသိုလ်မှ ပညာရှင်တစ်ဦး၊ ဆွဇ်တက္ကသိုလ်မှပညာရှင်တစ်ဦး၊ မြန်မာနိုင်ငံမှ ပညာရှင်နှစ်ဦး) ဖြင့်ပါဝင်ဖွဲ့စည်းထားပါသည်။

Institute ၏ဘဏ္ဍာရေးပိုင်းနှင့် လုပ်ငန်းစီမံဆောင်ရွက်မှုပိုင်းစွမ်းရည် ပိုမိုအားကောင်းလာစေရေးနှင့် အရေးပါသောဦးတည်ဆောင်ရွက်မှုများ ပြဋ္ဌာန်းရန်အတွက် အကြံပေးဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းနေပြီဖြစ်ပါသည်။

စတင်ထူထောင်သူများအဖွဲ့

ဒေါ်နီနီခက်သည် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဧည့်ကထိက ဖြစ်ပါသည်။ ပြင်သစ်-မြန်မာ ရှေးဟောင်းသုတေသနအဖွဲ့၏ ကြေးခေတ် သံခေတ် သုတေသန ပြုလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ရန့်ခ် (Rennes) တက္ကသိုလ်မှ ရှေးဟောင်းသတ္တုဗေဒဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့ပါသည်။ ထိုစဉ်ကတည်းက စတင်၍ မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ရှေးဟောင်းသုတေသန တူးဖော်မှုများ ပြုလုပ်ရာ ဒေသများစွာတွင် သတ္တုခေတ်မှ အသုံးအဆောင် ပစ္စည်းရုပ်ဝတ္ထု ဓလေ့ကို လေ့လာလျက်ရှိ သည်။ ဒေါ်နီနီခက်၏ လက်ရှိ သုတေသနမှာ ရှေးခေတ်ပျူလူမျိုးများ သတ္တုအသုံး အဆောင် ပစ္စည်းများ ထုတ်လုပ်ရာတွင် တီထွင်အသုံးပြုခဲ့သော နည်းပညာများ အကြောင်း ဖြစ်သည်။ သူမသည် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ကူညီထောက်ပံ့မှုဖြင့် ရှေးဟောင်းသတ္တုဗေဒဘာသာရပ် တစ်နှစ်ဒီပလိုမာသင်တန်း ပထမဦးဆုံး အကြိမ်အဖြစ် အစမ်းဖွင့်လှစ်ခဲ့ပြီး၊ ရှေးဟောင်းသတ္တုဗေဒပညာရပ် တိုးတက်ထွန်းကားလာစေရေးအတွက် သင်တန်းတွင် ရှေးဟောင်းသုတေသနသိပ္ပံ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် စိတ်ပါဝင်စားမှု ရှိကြသော မျိုးဆက်သစ် သုတေသီများနှင့် နည်းပညာရှင်များကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ဤသည်မှာ ရန်ကုန် နည်းပညာတက္ကသိုလ် (သို့မဟုတ်) ရန်ကုန်တက္ကသိုလ်တွင် ပစ္စည်းကိရိယာ စုံလင်သော ရှေးဟောင်းသတ္တုဗေဒဓါတ်ခွဲခန်း ပေါ်ပေါက်လာစေရေးအတွက် ပထမဆုံးသော ခြေလှမ်းသစ်တစ်ရပ်ပင် ဖြစ်ပါသည်။ ဒေါ်နီနီခက်သည် ရန်ကုန်နည်းပညာတက္ကသိုလ်အတွင်း စာသင်ကြားမှုအပြင် ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနဌာနတွင်ပါ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပုံမှန် ပြုလုပ်လေ့ရှိပါသည်။

အလီရှာတာနာ (Alicia Turner) သည်တိုရန်တိုပြည်နယ်၊ယော့ခ်တက္ကသိုလ် (York University) တွင်လူမှုဝိဇ္ဇာနှင့်ဘာသာရေး လေ့လာမှုဆိုင်ရာ လက်ထောက်ပါမောက္ခဖြစ်ပါသည်။ Saving Buddhism: Moral Community and the Impermanence of Colonial Religion (ဟာဝိုင်ရီတက္ကသိုလ်ပုံနှိပ်၊ ၂၀၁၄) ကို ရေးသား ထုတ်ဝေခဲ့ပြီး၊ ဗမာပြည်လေ့လာရေးဂျာနယ် (Journal of Burma Studies) ၏တွဲဖက် စာတည်း အဖြစ်ဆောင်ရွက်လျက်ရှိသည်။ ဒေါက်တာ တာနာသည် အရှေ့တာင်အာရှ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ကျွမ်းကျင်သူဖြစ်ပြီး ဗမာပြည်/မြန်မာပြည်၏ ဗြိတိသျှကိုလိုနီခေတ်အတွင်း ဘာသာရေး၊ ကိုလိုနီဝါဒနှင့်အမျိုးသားရေးဝါဒတို့အကြားဆက်စပ်မှုကို အထူးပြုလေ့လာသည်။လက်ရှိသုတေသနအနေဖြင့် နှစ်ဆယ်ရာစုသို့အကူး အပြောင်းကာလအတွင်းမှ သင်္ဘောသားဘဝမှ ရဟန်းဝတ်ပြီးနယ်ချဲ့ဆန့်ကျင်ရေးသမားဖြစ်လာသူ အိုင်းရစ်လူမျိုး ဦးဓမ္မလောက၏ထေရုပ္ပတ္တိကို အခြားပညာရှင်များနှင့်ပူးပေါင်းရေးသားလျက်ရှိသည်။ဒေါက်တာတာနာသည်ကိုလိုနီခေတ်အရှေ့တောင်အာရှဒေသအတွင်းနယ်စည်းများပေါ်မှ ဗုဒ္ဓသာသနာပြုအချိတ်အဆက်ကွန်ယက်များ အကြောင်း လေ့လာချက်တစ်ခုကိုလည်းပြုလုပ်လျက်ရှိပြီး၊ ကနေဒါလူမှုသိပ္ပံနှင့်ယဉ်ကျေးမှုအနုပညာသုတေသနကောင်စီ၏ငွေကြေးအထောက်အပံ့ဖြင့် ကိုလိုနီခေတ်အတွင်း ပုံနှိပ်ထုတ်ဝေခဲ့သော ဗုဒ္ဓဘာသာစာပေ ကျမ်းဂန်နှင့် စာအုပ်ကြီးငယ်တို့ကိုဒစ်ဂျစ်တယ်နည်းပညာသုံး မော်ကွန်းစုဆောင်းမှု တစ်ရပ်ကိုလည်း ပြုလုပ်လျက်ရှိသည်။

အလက်စ်စီကရီချန်ကို (Alexey Kirichenko) သည်ရုရှားနိုင်ငံ၊ မော်စကို အစိုးရတက္ကသိုလ်၊ အာရှနှင့်အာဖရိကလေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခ ဖြစ်သည်။ သမိုင်းဘာသ ာရပ်အထူးပြုပါရဂူဘွဲ့ကို မြန်မာရာဇဝင်ကျမ်းများ လေ့လာချက်ဖြင့် မော်စကိုအစိုးရတက္ကသိုလ်မှ ၂၀၀၃ ခုနှစ်တွင်ရရှိခဲ့ပြီး၊ ၁၉၉၇-၁၉၉၈ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် ကတည်းကစတင်၍မြန်မာပြည်တွင် လက်တွေ့ကွင်းဆင်းလုပ်ငန်းနှင့် သမိုင်းအထောက်အထားများရှာဖွေ လေ့လာ ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ဤသို့ဆောင်ရွက်ရာတွင် မြန်မာ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ မြန်မာလက်ရေးစာယဉ်ကျေးမှု (အထူးသဖြင့်ပိဋကတ်သုံးပုံဆိုင်ရာစာပေ ကျမ်းကန်များလက်ဆင့် ကမ်း ပြန့်ပွားပုံ) သာသနိကအဆောက်အအုံများ၊ နံရံဆေးရေးပန်းချီ၊ရာဇဝင်စာပေနှင့် သာသနာဝင်၊ ဆရာစဉ်သမိုင်းကျမ်းစာတို့ကို အဓိကထားပြီးတစ်ဦးတည်းသော်လည်းကောင်း၊ အခြားသုတေသီနှင့်တွဲဖက်၍သော်လည်းကောင်းလုပ်ဆောင်လျက်ရှိသည်။ လက်ရှိ Inya Institute တွင် ဒေါက်တာ ကီရီချန် ကို ဆောင်ရွက်လျက်ရှိသော လုပ်ငန်းမှာ အထက်မြန်မာပြည်ရှိကျေးလက်ဒေသဘုန်းကြီးကျောင်းများတွင် စုဆောင်းထားရှိသော ပေ၊ ပုရပိုက်များကိုစာရင်းပြုစုရန် စီစဉ်လျက် ရှိခြင်းပင်ဖြစ်သည်။ ၂၀၁၄နိုဝင်ဘာလတွင် စတင်ခဲ့သည့်အဆိုပါလုပ်ငန်းအား ဗြိတိသျှစာ ကြည့်တိုက်ရှားပါးမော်ကွန်းများစုဆောင်း ထိန်းသိမ်းသည့် အစီအစဉ်မှဘဏ္ဍာငွေထောက်ပံ့ပေးပါသည်။ Inya Institute သည်အဆိုပါ လုပ်ငန်းနှင့်တွဲဖက်ဒစ်ဂျစ်တယ်မော်ကွန်း ထိန်းသိမ်းသည့်အဖွဲ့အစည်းဖြစ်ပြီး Inya Institute ၏ website စာမျက်နှာတွင် အဆိုပါ သုတေ သန လုပ်ငန်းစဉ်၏ ရလဒ်များကိုများ မကြာမီတင်ပြသွားမည်ဖြစ်ပါသည်။

ဖရန်ဆွာတန်တူယေ (François Tainturier) သည် Inya Institute ၏ အမှု ဆောင်ညွှန်ကြားရေးမှူးဖြစ်သည်။ သူသည် လန်ဒန်မြို့၊ အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးကျောင်း (SOAS) ရှိ အနုပညာနှင့်ရှေးဟောင်းသုတေသနဌာနမှ ပါရဂူဘွဲ့ ရရှိခဲ့သူဖြစ်ပြီး၊ ရှေးလူလုပ်ပတ်ဝန်းကျင်များထိန်းသိမ်းရေးနှင့်လေ့လာရေး၊ မြေပုံဆွဲသားနည်းနှင့် ပထဝီဝင်အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်ပုံတို့ကို အထူးပြုလေ့လာခဲ့ပါသည်။ များပြားလှစွာသော လုပ်ငန်း၊ အတွေ့အကြုံနှင့် မော်ကွန်းမှတ်တမ်းများ ပေါင်းစပ်၍ Mandalay and the Burmese art of making cities (Royal Asiatic Society, London / NUS Press-Singapore ပုံနှိပ်၊ ၂၀၂၁) ကို ရေးသား ထုတ်ဝေခဲ့ပြီ။ မြန်မာဘုရင်များအတွက် အာဏာဗဟိုချက် တစ်ခုတည်ဆောက်ခြင်းသည် မည်သို့မည်ပုံ အရေးပါခဲ့ပုံကိုလည်း လေ့လာခဲ့သည်။ အရှေ့ တောင်အာရှတွင် (၂၀) နှစ်ကျော် နေထိုင်လာခဲ့ပြီး လက် ရှိတွင် ရန်ကုန်မြို့တွင် အခြေချနေ ထိုင်လျှက်ရှိသည်။ ယခင်က ဆိုင်ရမ်ရိပ်-အန်ကော (ကမ္ဘောဒီးယား) အခြေစိုက် ခမာလေ့လာရေးစင်တာ (၁၉၉၉- ၂၀၀၅) ၏ ဒုညွှန်ကြားရေးမှူး လုပ်ငန်းပိုင်းဖွံ့ဖြိုးရေးနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးတို့တွင် လုပ်ငန်းအတွေ့ အကြုံရှိဖူးသူဖြစ်ပြီးလက်ရှိတွင် Inya Institute ၏ အဖွဲ့အစည်းနှင့် လုပ်ငန်းအစီအစဉ်ပိုင်း နှစ်ရပ်စလုံး ဖွံ့ဖြိုးရေး အတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မှတ်ပုံတင်ထားရှိမှုအခြေအနေ

Inya Instituteသည် လီမိတက်ဂရန်တီ(ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသော) နံပါတ် ၁၂၅၂၁၇၈၄၂ အားဖြင့် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကုမ္ပဏီ မှတ်ပုံတင်ပြီးဖြစ်ပါပြီ။ အမေရိကန်ပြည်ထောင်စုတွင် ငွေကြေး အကျိုး အမြတ် ပဓာနမထားသော အဖွဲ့အစည်း တစ်ရပ်အဖြစ် စာရင်းသွင်းထားပြီး 501-(C)(3) အခွန်ကင်းလွတ်ခွင့် အဆင့်ကိုရရှိထားပါသည်။ ပြင်သစ်နိုင်ငံတွင်လည်း အလားတူအဖွဲ့အစည်းတစ်ရပ် (“Association Loi 1901″) အဖြစ် စာရင်းပေးသွင်းထားပါသည်။